International News

ဂျာမနီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့်စီးပွားရေးအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် (၁၀) ရာခိုင်နှုန်းသို့ရောက်ရှိလာကြောင်း Federal Statistical Office (Destatis)၏ ကြိုတင်ခန့်မှန်းတွက်ချက်ထုတ်ပြန်မှုအရသိရှိရပါသည်။ အောက်တိုဘာလတွင် (၁၀.၄) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ရာမှ အနည်းငယ် ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း၊ စွမ်းအင်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာမှုနှင့် ဖက်ဒရယ်အစိုးရ၏ အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများသို့ ထောက်ပံ့ပေးမှုအစီအစဉ်များက အထောက်အကူပြုခဲ့ကြောင်း သိရှိရပါသည်။ စွမ်းအင်ဈေးနှုန်းများမှာ ကျဆင်းလာသော်လည်း ယခင်နှစ်ဈေးနှုန်းများထက် (၃၈.၄) ရာခိုင်နှုန်းခန့် မြင့်မားနေဆဲဖြစ်ပါသည်။

စီးပွားရေးတိုးတက်မှုနှုန်းအနေဖြင့် တတိယသုံးလပတ်တွင် (၀.၄) ရာခိုင်နှုန်းသို့ အနည်းငယ် တိုးမြင့်ရရှိလာပြီး ယခင်နှစ်ကာလတူထက် (၁.၂) ရာခိုင်နှုန်း တိုးတက်လာမှုရှိကြောင်း သိရှိရပါသည်။ အခြားတစ်ဖက်တွင်လည်း စာရင်းအင်းတွက်ချက်မှုများအရ ငွေကြေးဖောင်းပွမှု၏ ရိုက်ခတ်မှုကြောင့် အလုပ်သမားများ၏ ဝင်ငွေရရှိမှုနှုန်းများသည် ၂၀၂၂ ခုနှစ် ပထမ(၃)လပတ်တွင် (၁.၈)ရာခိုင်နှုန်း၊ ဒုတိယ(၃)လပတ်တွင်(၄.၄) ရာခိုင်နှုန်း နှင့် တတိယ (၃)လပတ်တွင်(၅.၇)ရာခိုင်နှုန်းအသီးသီး ကျဆင်းမှုရှိခဲ့ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများရှိ အမှာစာအသစ်များလက်ခံရရှိမှုသည် စက်တင်ဘာလအတွင်း ယခင်လထက် (၃.၆) ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် ကာလတူထက် (၂၂.၆)ရာခိုင်နှုန်းကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။ ဂျာမနီနိုင်ငံတွင် လူဦးရေတိုးတက်မှုနှုန်းသည် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ (၂.၉)သန်းထပ်မံ တိုးမြှင့်မှုရှိခဲ့ပြီး အဓိကအားဖြင့် အခြားနိုင်ငံများမှ လာရောက်အခြေချရွှေ့​ပြောင်းနေထိုင်သည့် ဦးရေများဖြင့် တိုးမြင့်လာခြင်းဖြစ်ပြီး လက်ရှိတွင်လူဦးရေစုစုပေါင်း(၈၄.၁)သန်း ရှိနေပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Press

Category: International News